Wednesday, 2024-04-24, 2:50 AM | Welcome Guest | Registration | Login

ပအိုဝ်း

သူငယ်ချင်း ညီအစ်ကို အစ်မ ညီမလေးများရှင့် ယခု ကျွန်ုပ်အသုံးပြုထားသော Free Site သည် အသုံးပြုနေချိန်အတွင်း Problem များ မကြာခနရှိသည်က တကြောင်း၊ နောက် အသုံးပြုရသည်မှာလည်း အလွန်ရှုပ်ထွေးလွန်းလှသည်က တကြောင်း ဤ site အစား အခြားတခုအား ပြောင်းလဲသုံးစွဲနေပါသည်။ လာရောက်ကြည့်ရှုလိုလျှင် http://paogeneration.wordpress.com သို့ လာရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လာရောက်ကြည့်ရှုသူများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။ ရက်ပေး
ပအိုဝ်းအကြောင်း သိကောင်းစရာ

    လူသိနည်းနေသေးသော ပအိုဝ်းတိုင်းရင်းသားတို့၏ နောက်ခံသမိုင်းနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေ့လာဖော်ထုတ် ရေးသားပြုစုလိုသည့် ရည်ရွယ်ချက်များ ကျွန်မရင်ထဲတွင် ကိန်းအောင်းနေခဲ့သည်။ ပြည်ထောင်စုဖွား ပအိုဝ်းတိုင်းရင်းသားတို့၏ အကြောင်းကို အခြားညီနောင်ဖွား ပြည်ထောင်စုတိုင်းရင်းသားအား သိစေလိုသောခံစားချက်များလည်း ရင်ထဲမှာပြင်းပြခဲ့သည်။ ထို့ကြောင့် အားလပ်ချိန်များတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်းနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာဆိုင်ရာ စာအုပ်စာတမ်းများကို ရှာဖွေမှတ်သား စုဆောင်းခဲ့သည်။

     လူမျိုးတိုင်းသည် မိမိတို့ ယဉ်ကျေးမှုဓလေ့ထုံးစံကို ချစ်ခင်မြတ်နိုးကြ၏။ ထို့အတူ ပြည်ထောင်စုတိုင်းရင်းသားတိုင်းသည်လည်း မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံးစံကို ချစ်ခင်မြတ်နိုးကြ၏။ ချစ်ခင်မြတ်နိုး ကြသည်နှင့်အညီ ထိန်းသိမ်းရန်လည်း တာဝန်ကိုယ်စီရှိကြပါသည်။ ထို့ပြင် တစ်ဦး၏ ယဉ်ကျေးမှု ဓလေ့ထုံးစံကိုလည်း တစ်ဦးက သိရှိနားလည်မှု မရှိပါက ဆက်ဆံရေးနယ်ပယ်တွင် အမြင်မှားစရာ အထင်လွဲစရာများ ဖြစ်နိုင်ပါသည်။ အလုပ်လုပ်ရာတွင်လည်း စေတနာသည် ဝေဒနာဖြစ်သွားနိုင်ပါသည်။

     တိုင်းရင်းသား လူမျိုးပေါင်းများစွာအနက် အခြားတိုင်းရင်းသား လူမျိုးများကို လူသိများကြသော်လည်း ပအိုဝ်းတိုင်းရင်းသား အကြောင်းကိုမူ လူသိနည်းနေပေသေးသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း ပအိုဝ်းတိုင်းရင်းသားလူမျိုး အကြောင်းကို လေ့လာဖော်ထုတ်ရေးသားခြင်း နည်းသောကြောင့်ပင် ဖြစ်ပါသည်။ ယခုအခါ ပအိုဝ်း တိုင်းရင်းသားတို့သည် ၄င်းတို့၏ စားဝတ်နေရေး တိုးတက်မှုအရ ၄င်းတို့ စားသုံးကိုင်ဆောင်သော အရာများသည် ခေတ်ပေါ်အသုံးအဆောင်များပင် ဖြစ်ပါသည်။ သို့သော် ၄င်းတို့၏ ၀တ်စားဆင်ယင်မှုကား မိရိုးဖလာရှေးထုံးတမ်းစဉ်လာအတိုင်း မပြောင်းလဲကြသေးပေ။ မိမိတို့ ဘာသာစကားကိုလည်း နှစ်သက်ခုံမင်စွာ ပြောနေကြသေးသည်။ ရွာများမှ အဆင့်မြင့်ပညာသင်ယူနေကြသူများ ၊ အခြေခံပညာအထက်တန်းအောင်ပြီး အစိုးရအလုပ် လုပ်ကိုင်နေသူများ ရှိနေကြပါသည်။ သို့သော်လည်း မိမိတို့ရှေးရိုးရာ ဓလေ့ထုံးစံများကို မစွန့်ပယ်ကြသေးပေ။

     ပအိုဝ်းတိုင်းရင်းသားတို့သည် အောက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်တွင် ပျံ့နှံ့နေထိုင်လျက်ရှိကြ၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်တွင် ဒုတိယအများဆုံး နေထိုင်ကြသည်။ အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံး ပျံ့နှံ့နေထိုင်ကြ၏။ အောက်မြန်မာပြည်တွင် သထုံခရိုင် ၊ ပဲခူးခရိုင် ၊ တောင်ငူခရိုင် ၊ ဘားအံခရိုင် နှင့် ကော့ကရိတ်ခရိုင် စသည်တို့တွင် အများဆုံး နေထိုင်လျက် ရှိကြသည်။ အောက်မြန်မာပြည်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် ပအိုဝ်း တိုင်းရင်းသားဝတ်စုံကို အများအားဖြင့် မ၀တ်ဆင်ကြတော့ပေ။ ပအိုဝ်း ဘာသာစကားကိုလည်း အပြောနည်းလာကြသည်။ ရှမ်းပြည်နယ်တွင် နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့မှာ ၀တ်စုံအနက်ကို အများဆုံးဝတ်ဆင်ကြပြီး ပအိုဝ်းဘာသာစကားကိုသာ အပြော များကြ၏။ ရိုးသားပြီး ဖော်ရွေခင်မင်တတ်သော တိုင်းရင်းသားလူမျိုးစုများထဲတွင် ပအိုဝ်း တိုင်းရင်းသားလူမျိုးစုသည်လည်း အပါအ၀င်ဖြစ်ပေသည်။

     ရှမ်းကုန်းမြေမြင့်ကို ဖြတ်ကျော်တက်လာလျှင် မော်တော်ကားလမ်း တစ်လျှောက်တွင် ၀တ်စုံအနက် ၀တ်ထားသူများကို တွေ့ရပေလိမ့်မည်။ ထိုသူများသည် ပအိုဝ်း တိုင်းရင်းသား သော်လည်းကောင်း၊ တောင်ရိုး သော်လည်းကောင်း ဖြစ်ပေသည်။ အများအားဖြင့် ပအိုဝ်း တိုင်းရင်းသားများပင် ဖြစ်ကြပါသည်။ ယနေ့ ကျွန်ုပ်တို့ သောက်သုံးနေသော ဆေးပေါ့လိပ်၏ အဓိကကုန်ကြမ်း ဖြစ်သည့် သနပ်ဖက်ကို အများဆုံး စိုက်ပျိုးထုတ်လုပ်ကြသူများမှာလည်း ပအိုဝ်း တိုင်းရင်းသားများပင် ဖြစ်ပါသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် လယ်ယာ ၊ ဥယျာဉ်ခြံမြေ ၊ လိမ်မော် ၊ ကာဖီစေ့ ၊ သနပ်ဖက် ၊ လက်ဖက် ၊ ကြက်သွန် ၊ ဂျုံ ၊ မြေပဲ ၊ အာလူး စသည်များကို စိုက်ပျိုးထုတ်လုပ်ကြသည်။

     မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လုပ်သားပြည်သူတိုင်းသည် တိုင်းရင်းသား အသီးသီးတို့၏ အကြောင်း ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကို တတ်နိုင်သမျှ တီးမိခေါက်မိ သိရှိနားလည်ထားဖို့ လိုပါသည်။ တစ်ဦးအကြောင်း တစ်ဦး သဘောပေါက်နားလည်ပြီး ရင်းနှီးခင်မင်မှုရှိမှသာ သွေးစည်းညီညွတ်ရေး ရနိုင်ပေမည်။ ယခုဝက်ဆိုဒ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို အားဖြည့်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

     ထို့ပြင် လူမျိုးတစ်မျိုး၏ ကြီးပွားတိုးတက်မှုသည် ထိုလူမျိုး၏ နောက်ကြောင်း ရာဇ၀င် ၊ ဓလေ့ထုံးစံ ၊ ဘာသာအယူဝါဒ ၊ ထိုလူမျိုးနေထိုင်သော နေရာ ပထ၀ီအနေအထား ၊ မြေမျက်နှာသွင်ပြင် ၊ ရာသီဥတု သဘာဝပတ်ဝန်းကျင်၏ အကြောင်းအရာများစွာအပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားလူမျိုး၏ တိုးတက်မှုအတွက် ပအိုဝ်းတိုင်းရင်းသားတိုင်းသည် ပအိုဝ်း လူမျိုးအကြောင်းကို သိရှိရပေမည်။ ထို့အတူ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုအတွက် တိုင်းရင်းသားတိုင်းသည် တမြေတည်းနေ တရေတည်းသောက် တိုင်းရင်းသား အချင်းချင်း၏ အကြောင်းကို သိရှိရန်လိုပါသည်။

    ကျွန်မသည် ပအိုဝ်းတိုင်းရင်းသူ ဖြစ်သည်နှင့်အားလျော်စွာ ပအိုဝ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာသိရှိနိုင်စေရန် ရေးသားဖော်ထုတ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် အတတ်နိုင်ဆုံးကြိုးစားပြီး ပအိုဝ်း တိုင်းရင်းသားအကြောင်းကို ယခုဝက်ဆိုဒ်တွင် ရှာဖွေစုဆောင်း ရေးသားထားပါသည်။ သို့သော်လည်း စင်းလုံးချော ပြီးပြည့်စုံသည်ဟုကား မယူဆပါ။ လိုအပ်သည်များ ရှိကောင်း ရှိနေဦးမည်။ လိုအပ်သည်များရှိလျှင် ကျွန်မ၏ အားနည်းချက်သာ ဖြစ်ပါသည်။ သို့သော် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ကျွန်မ ကြိုးပမ်းထားပါသည်။


(ယခု တွေ့ရှိရသော ပအိုဝ်းဓါတ်ပုံများကို Google Page မှ ရှာဖွေယူထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ဤနေရာမှ ဖော်ပြခွင့်ပေးပါရန် ခွင့်တောင်းဆိုအပ်ပါသည်။း) )