ပညာရေး
ပအိုဝ်း တိုင်းရင်းသားတို့ကို ရှမ်းပြည်နယ်တွင် လူသိနည်းနေသည့် တိုင်းရင်းသားဖြစ်ရခြင်းမှာ မဖွံ့ဖြိုးသေးသော တိုင်းရင်းသား ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ ယခုကဲ့သို့ဖြစ်ရခြင်းမှာ ရှမ်းပြည်နယ်သည် ပဒေသရာဇ် မြေရှင်စော်ဘွားတို့၏ လက်အောက်တွင် နှစ်ပေါင်းရှည်ကြာစွာ နေထိုင်ခဲ့ကြရသောကြောင့်ပင် ဖြစ်သည်။ ပဒေသရာဇ်စော်ဘွားတို့၏ ဓါးမိုးအောက်မှ ကျွန်သားပေါက်အဖြစ် သက်ဆိုးရှည်နေခဲ့ရသောကြောင့်ပင် ဖြစ်ပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ပဒေသရာဇ် မြေရှင်တို့၏ လက်အောက် ကျရောက်နေရစဉ်အခါတွင် မူလတန်းပညာကိုပင် သင်ခွင့်မပေးခဲ့ပေ။
ပအိုဝ်းကလေးသူငယ်များမှာ ကျားမ မခွဲဘဲ အတူနေ အတူကြီးပြင်းကြသည်။ ရှေးအစဉ်အလာအရ ပအိုဝ်းကလေးများသည် ကြီးစဉ်ငယ်လိုက် အချင်းချင်း ထိန်းကျောင်းသွားကြသည်။ ထို့ကြောင့် မိဘများအတွက် အကူအညီများစွာ ရသည်။ ကလေးများသည် မိဘများနှင့်အတူ ခြံသို့သွားပြီး မိဘများကို ကူညီလုပ်ဆောင်ကြသည်။ အလုပ်မလုပ်နိုင်သောကလေးများမှာ ခြံထဲတွင် မြေဖြင့်အရုပ်များ ပြုလုပ်ကာ ကစားကြ၏။ အချို့ယောက်ျားလေးများမှာ လေးခွများ ၊ လေးကိုင်းများနှင့် ငှက်ပစ်ခြင်းများကို ကစားကြသည်။
ယခုအခါ ပညာ သင်ကြားရေးအတွက် အခွင့်အလမ်း အတော်အသင့် ရရှိနေပြီဖြစ်သော်လည်း သက်ဆိုင်ရာမိဘများ၏ အားပေးခြင်းနည်းပါးမှုကြောင့် ပအိုဝ်းတိုင်းရင်းသား ကလေးသူငယ်များ ပညာသင်ကြားမှု အလွန် နည်းပေသေးသည်။ မိဘများအမြင်မကျယ်မှုကြောင့် မိမိတို့ သားသမီးများ၏ ပညာရေးကို အားမပေးချင်ကြပေ။ ပအိုဝ်း တိုင်းရင်းသားတို့၏ ပညာရေးကို လောကုတ်တရာပညာရေး နှင့် လောကီပညာရေး ဟူပြီး အကြမ်းအားဖြင့် နှစ်မျိုးခွဲခြား နိုင်ပေသည်။
လောကုတ်တရာပညာရေး
ယောက်ျားလေးများ ငါးနှစ် ၊ ခြောက်နှစ်အရွယ် ရောက်လာသောအခါ ရွာရှိဘုန်းကြီးကျောင်းတွင် အပ်နှံထားကြသည်။ ဘုန်းကြီးကျောင်းက သွန်သင်ပေးသည်။ ယောက်ျားလေးများသည် ဘုန်းကြီးကျောင်းတွင်ပင် စာသင်ကြရ၏။ ဘုန်းကြီးက လောကီရော လောကုတ်တရာစာပေများပါ သင်ကြားပေးလေသည်။ စာဖတ်တတ်သောအခါ ဘုန်းကြီးကျောင်းတွင်ပင် ရှင်ပြုပြီး ရှင်သာမဏေဘ၀နှင့်ပင် ဘုန်းကြီးကျောင်းတွင် ပျော်သလောက်နေကြသည်။ ဘုန်းကြီးကျောင်းတွင် ပျော်သလောက်နေကြသည်။ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးကို ၀တ်ကြီးဝတ်ငယ်ပြုရင်း စာသင်ကြသည်။ ပရိတ်ကြီးလောက် တတ်သောအခါ လူထွက်ကြသည်။ အချို့မှာ အရွယ်ရောက်မှ လူထွက်လာကြသည်။ အချို့လည်း မိဘများလုပ်ကိုင်သော တောင်ယာခြံကို ကူညီလုပ်ကိုင်ရန်အတွက် သာမဏေဘ၀တွင် တစ်နှစ် နှစ်နှစ်နေပြီး လူထွက်ကြသည်။ အချို့မှာ ရဟန်းဘောင်တွင် မွေ့လျော်သဖြင့် ရာသက်ပန် ရဟန်းဘ၀ဖြင့် လောကုတ်တရာ စာပေကို သင်ယူကြရာမှ အကျော်အမော်ရဟန်းတော်များ ဖြစ်သွားကြသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ဗုဒ်ဓဘာသာကို အထူးသက်ဝင်ယုံကြည်ကြသူများပီပီ လောကီပညာရေးထက် လောကုတ်တရာစာပေကို အထူးလိုက်စားသင်ယူကြသည်ကို တွေ့ရသည်။ အချို့ရဟန်းတော်များ ၊ သာမဏေများမှာ မိမိသီတင်းသုံးနေသော ကျောင်းမှ ပညာလောက်နှင့် မရောင့်ရဲကြသဖြင့် အခြားမြို့ကြီးများရှိ ဘုန်းကြီးကျောင်းများ ၊ ပရိယတ်တိစာသင်တိုက်များသို့ သွားရောက်ကာ လောကုတ်တရာစာပေကို လေ့လာ ဆည်းပူးကြလေသည်။ ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့ရှိ ပထမတောင်ကျောင်းကြီး ၊ အရိယ၀ံသ မြို့ဦးကျောင်းတိုက် ၊ ညောင်ရွှေမြို့တွင် ကန်ကြီး ပရိယတ်တိစာသင်တိုက် ၊ အောင်ပန်းစာသင်တိုက်တို့တွင် လောကုတ်တရာ စာပေကို ဆည်းပူးတော်မူကြသော ပအိုဝ်းသာမဏေ ရဟန်းတော်များကို တွေ့နိုင်ပေသည်။ ရန်ကုန် ၊ ပဲခူး ၊ ဟသာင်္တ စသော မြို့ကြီးများသို့သွားရောက်ကာ လောကုတ်တရာစာပေကို ဆည်းပူးနေသည့် ရဟန်းတော်များလည်း အများအပြားရှိလေသည်။
လောကီပညာရေး
ရှမ်းပြည်နယ်တွင် ပဒေသရာဇစ်ကြီးစိုးစဉ်အခါက ပအိုဝ်း တိုင်းရင်းသားတို့ ပညာသင်ကြားရန် အခြေအနေမပေးချေ။ ပဒေသရာဇ်စနစ်၏ လောင်းရိပ်ကြောင့် ပညာသင်ကြားခွင့် မရခဲ့ကြပေ။ ပဒေသရာဇ်ရှမ်းစော်ဘွား အုပ်စိုးစဉ်အခါက ပြည်သူလူထု တစ်စိတ်တစ်ဒေသဖြစ်သော ပအိုဝ်းတိုင်းရင်းသားတို့ကို မျက်စိပွင့် ၊ နားပွင့်မည်စိုးသောကြောင့် အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်။
ပဒေသရာဇ်တို့သည် ပအိုဝ်းကျေး လက်တောရှာများ၌ ၃၆ ကောင်ထီခေါ် လောင်းကစားမှုကို ဖွင့်ပေးထားခြင်း ၊ လောင်းကစားမှုကို အားပေးအားမြှောက်ပြုခြင်း ၊ ဘိန်း နှင့် ကဇော်တို့ကို ရောင်းခွင့်ပြုခြင်း စသည်ဖြင့် ပအိုဝ်းလူထုကို မှိုင်းတိုက်ခဲ့ကြသည်။ ပဒေသရာဇ်စော်ဘွားတို့သည် ပညာရေးကို အားမပေးချေ။ ၄င်းတို့လက်ထက်တွင် ပအိုဝ်းကျေးလက်ဒေသ၌ စာသင်ကျောင်း မရှိသလောက်ပင်ဖြစ်သည်။ စာပေသင်ကြားလိုလျှင် ရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သင်ပုန်းကြီးကို သင်ကြားကြရ၏။ ထို့နောက်မှ လောကုတ်တရာစာပေကို ဆက်လက်သင်ကြားကြရသည်။ လောကီစာပေကိုမူကား သင်ယူခြင်းနည်းပါးလှပေသည်။
ပဒေသရာဇစ် အုပ်စိုးမှုအောက်မှ လွတ်မြောက်လာသောအခါ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)၏ ဦးစီးဆောင်ရွက်မှုဖြင့် ကျေးလက်ဒေသတွင် ပညာရေးကို တိုးချဲ့ခဲ့ရာ တိုးတက်မှုရှိလာ၏။ နိုင်ငံတော် အစိုးရကလည်း လိုအပ်သမျှ တတ်နိုင်သလိုအကူအညီပေးကာ ကျောင်းများ ဆောက်လုပ် ဖွင့်လှစ်ပေးခဲ့၏။ ယခုအခါ မူလတန်းကျောင်းများ ပိုမိုတိုးတက်လာသည်ကို တွေ့ရသည်။ အစိုးရနှင့် ပညာရေးဌာနက အားပေးမှုကြောင့် တောင်ပေါ်ဒေသရှိ ပအိုဝ်းကျေးလက်ပြည်သူတို့သည် ပညာရေးကို လိုက်စားလာကြ၏။ ပညာသင်ကြားမှုများလာ၏။
မျက်မှောက်ခေတ်ကာလတွင် ပညာမတတ်လျှင် အစစ အရာရာနစ်နာဆုံးရှုံးကြောင်း ပအိုဝ်းမိဘတိုင်းက သိရှိနားလည်လာ၏။ ထို့ကြောင့် သားသမီးပညာရေးအတွက် ပိုပြီး အားပေးလာကြသည်။ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းကျောင်းမရှိသော ရွာများသည် ကျောင်းရှိသော နေရာဒေသသို့ မိမိတို့သားသမီးကို ပို့ကာ ပညာသင်ကြားစေသည်။ အစိုးရကျောင်းမရှိသော နေရာဒေသတွင်လည်း ကိုယ်ထူကိုယ်ထ ကျောင်းများ ၊ လူထုကျောင်းများကို ဖွင့်လှစ်ပြီး မိမိတို့သားသမီးများကို ပညာသင်ကြားစေသည်။
ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ရာဒေသတွင် လူဦးရေနှင့်ယှဉ်လျှင် အစိုးရကျောင်းများ နည်းသေးသည်ဟု ဆိုနိုင်သည်။ ယခုအချိန်ထိ ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ရာဒေသများတွင် အထက်တန်းကျောင်း သုံးကျောင်း ခန့်သာ ရှိသေး၏။
ပရဟိတပညာရေး
ပအိုဝ်းတိုင်းရင်းသား ကလေးသူငယ်များ၏ ပညာသင်ကြားရေးနှင့် ပတ်သက်ပြီး ပရဟိတ ဆရာတော်များနှင့် တောင်တန်း သာသနာပြု ဆရာတော်ကြီးများက တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက် ပေးခဲ့ကြသည်ကို တွေ့ရသည်။ ရှမ်းပြည်တောင်ပိုင်းတွင် တောင်ကြီးမြို့ ၊ မြို့ဦး ပရဟိတကျောင်းနှင့် အင်းလေးကန်တွင် မိဘမဲ့ တိုင်းရင်းသားကလေးသူငယ်များ ပညာသင်ကြားနေသည်ကို တွေ့နိုင်သည်။
ပြည်မမှ ပရဟိတ ဆရာတော်ကြီးများကလည်း ခရီးလမ်းပန်းခက်ခဲသည့် တောကြိုတောင်ကြားမှ ပညာမသင်ကြားနိုင်သော ပအိုဝ်းတိုင်းရင်းသား ကလေးသူငယ်များကို ပြည်မသို့ခေါ်ဆောင်ကာ စားဝတ်နေရေး ၊ ပညာသင်ကြားရေးမှ အစ အားလုံးတာဝန်ယူ ဆောင်ရွက်ပေးနေသည်။ မိဘရှိသူ များကလည်း ပြည်မသို့သွားရောက်ပြီး မိမိတို့ ရင်သွေးများကို ဘုန်းကြီးကျောင်း ၊ ပရဟိတ ကျောင်းများတွင် အပ်နှံကာ ပညာသင်ကြားစေသည်။
ပရဟိတနှင့် ဘုန်းကြီးကျောင်းများမှ မွေးထုတ်သော ပအိုဝ်းလူငယ်များသည် အခြေံမူလတန်းနှင့် အလယ်တန်းလောက်ကိုသာ အောင်မြင်ကြသည်ကို တွေ့ရပေသည်။ အထက်တန်းပညာရပ် ၊ တက်ကသိုလ် နှင့် ကောလိပ်ပညာရပ်များ သင်ကြားနိုင်သည့် အဆင့်သို့ ရောက်ရှိသူဦးရေ နည်းနေပေသေး၏။ သို့သော် ပတ်ဝန်းကျင်၏ လှုပ်ရှားမှုနှင့် သက်ဆိုင်ရာမိဘများ၏ အားပေးမှုကြောင့် ခေတ်ပညာကို ကြိုးစားပြီး ဆက်လက် သင်ယူနေကြသည်။ ယခုအခါ အထက်တန်းပညာရပ်နှင့် တက်ကသိုလ် ကောလိပ်ပညာရပ်ကို ဆည်းပူးနေသော ပအိုဝ်းတိုင်းရင်းသားများ တစ်နှစ်ထက်တစ်နှစ် များလာသည်ကို တွေ့ရှိပေသည်။ သို့သော် ကျေနပ်လောက်သည့် အဆင့်သို့ကား မရောက်ရှိသေးချေ။

(ယခု တွေ့ရှိရသော ပအိုဝ်းဓါတ်ပုံများကို Google Page မှ ရှာဖွေယူထားခြင်း ဖြစ်ပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ဤနေရာမှ ဖော်ပြခွင့်ပေးပါရန် ခွင့်တောင်းဆိုအပ်ပါသည်။း) )