Monday, 2024-05-06, 1:21 PM | Welcome Guest | Registration | Login

ယဉ်ကျေးမှုနှင့် စာပေ

ဝတ်စားဆင်ယင်မှု

     တိုင်းရင်းသား လူမျိုးများဖြစ်ကြသည့် ရှမ်း ၊ ကချင် ၊ အင်းသား ၊ တောင်ရိုး ၊ ကယား ၊ ၀ နှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ၀တ်စုံမှာ နည်းနည်းစီ ဆင်လာသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်း တိုင်းရင်းသားတို့သည် မြန်မာကဲ့သို့ပင် ၀တ်ဆင်ကြလေသည်။ ရှမ်းပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသား တို့သည် အနက်ရောက်ဝတ်စုံကို အများဆုံး ၀တ်ဆင်ကြလေသည်။ အနက်ရောက်ကို ၀တ်ဆင်ကြခြင်းမှာ အနက်ရောင်သည် အပူကို စုပ်ယူနိုင်ခြင်း ၊ အေးမြသော ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ခြင်း ၊ ပေရေစွန်းထင်းမှုသက်သာခြင်း စသည်တို့ကြောင့် ဖြစ်မည်ဟု ယူဆရပေသည်။
     ရာသီဥတုဒဏ်ကို ခံနိုင်သည်ဟု ဆိုသဖြင့် ပအိုဝ်းတိုင်းရင်းသားတို့သာမက အခြားတိုင်းရင်းသားများပါ အနက်ရောင်ကို မ၀တ်ဆင်ကြသလောဟု မေးစရာရှိပေသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် ပိုမိုမြင့်မားသော တောင်ထိပ်များတွင် နေထိုင်ကြသောကြောင့် တောင်ပေါ်ဒေသသည် မြေနိမ့်အရပ်ထက် အနွေးဓါတ်နည်းပါး၏။ ထို့ကြောင့် အနက်ရောင်ရှိသော အ၀တ်အစားများကို ၀တ်ဆင်ကြခြင်း ဖြစ်မည်ဟု ယူဆရပေသည်။ ရှမ်းပြည်နယ်တွင် အနက်ရောင် အ၀တ်အစားကို ၀တ်ဆင်ကြသူများမှာ ပအိုဝ်း၊ တောင်ရိုး ၊ လီရှော စသည့် တိုင်းရင်းသားများပင် ဖြစ်သည်။ အရောင်တူသော်လည်း ၀တ်စားဆင်ယင်ပုံချင်း ကွာလေသည်။
     ပအိုဝ်းတိုင်းရင်းသားတို့သည် ခြံလုပ်ငန်း ၊ လယ်ယာလုပ်ငန်း ၊ တောင်ယာလုပ်ငန်းတို့ဖြင့် အသက်မွေးကြသဖြင့် အေးမြသော တောင်ပေါ်ဒေသတွင် နေ့စဉ်ရွံ့များ ၊ မြေများ ပေကျံမှုကို တွေ့ကြုံကြရ၏။ အနက်ရောင်ကို ၀တ်ဆင်ထားခြင်းဖြင့် ပေရေမှုကို သက်သာစေသည်။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ မူပိုင်အရောင်သဖွယ် ဖြစ်နေပေသည်။
     ပွဲနေပွဲထိုင် ၀တ်စုံများကိုလည်း အနက်ရောင်ဖြင့်သာ ချုပ်လုပ်ဝတ်ဆင်ကြ၏။ ၀တ်ဆင်ရာတွင်လည်း အဖိုးထိုက်တန်သော အမျိုးအစားများကိုသာ ၀တ်ဆင်ကြသည်။ အထူးသဖြင့် သက်ကလပ် အနက်များကို ၀တ်ဆင်ကြ၏။ ရှေးက အနက်ရောင်ရှိသော ပိုး ၊ ဖဲ များကိုပင် ၀တ်ဆင်ခဲ့ကြ၏။ အမျိုးသားဝတ်စုံသည် ကာလတန်ဖို့းအားဖြင့် ကျပ် ၅၀၀ ၊ အမျိုးသမီးဝတ်စုံသည် ကျပ် ၇၀၀ လောက်ရှိ၏။ ယခုမျှ တန်ဖိုးရှိသော ပွဲနေပွဲထိုင် ၀တ်စုံမျိုးကို ဆင်းရဲနွမ်းပါးသူများပင် တစ်စုံစီရှိအောင် ၀ယ်ထားကြ၏။ အမျိုးသားရော အမျိုးသမီးဝတ်စုံများကိုပါ မိမိတို့ကိုယ်တိုင် မချုပ်လုပ်တတ်သဖြင့် ၀ယ်ယူကြလေသည်။ ပအိုဝ်း တိုင်းရင်းသားတို့သည် အနက်ရောင်ကို ညီညာစွာဝတ်ဆင်ကြသဖြင့် ဂုဏ်တုဂုဏ်ပြိုင်များ ကင်းသည်ကို တွေ့ရပေသည်။
     ရှေးအခါက ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိတို့ ၀တ်ဆင်ရန် အထည်များကို လက်ဖြင့် ကိုယ်တိုင်ချုပ်လုပ် ၀တ်ဆင်ကြ၏။ အထည်ချုပ်ရန် ချည်များကိုလည်း ကိုယ်တိုင်ငင်ယူကြသည်။  ပအိုဝ်းအမျိုးသမီးတို့ ဗိုင်းငင်ထားသော ချည်များကို ယခုခေတ်အပ်အျုပ်စက်ဖြင့်ပင် ချုပ်နိုင်သည်။ ထို့ကြောင့် ရှေးအခါက ပအိုဝ်းတိုင်းရင်းသားတို့သည် အနက်ရောင် အထည်များကို ၀တ်ဆင်နိုင်ရေးအတွက် ပင်ပန်းစွာ အဆင့်ဆင့်ဆေးဆိုး ယူရပေသည်။ ယခုအခါတွင်မှ ရှေးကကဲ့သို့ ပင်ပန်းစွာ ဆေးဆိုးမယူရတော့ဘဲ အနက်ရောင်အထည်များကို အလွယ်တကူ ၀ယ်ယူရရှိနိုင်သည်။
     ရှမ်းပြည်ရှိ ပအိုဝ်း တိုင်းရင်းသားတို့သည် ၀တ်စားဆင်ယင်မှု ၊ ဓလေ့ထုံးစံ ၊ ယဉ်ကျေးမှု ၊ စာပေနှင့် ဘာသာစကားမှာ တစ်နေ့တစ်ခြား မှုန်ဝါးပျောက်ကွယ်နေသည်။ မြေပြန့်နေ ပအိုဝ်းတိုင်းရင်းသားတို့တွင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများသာ လွှမ်းမိုးလျက်ရှိနေပေသည်။




စာပေ

    ပအိုဝ်းတိုင်းရင်းသားတို့တွင် ကိုယ်ပိုင်စာပေ သီးခြားရှိသည်။ သီးခြားစာပေရှိသော်လည်း ဖတ်တတ်သူနည်းလှသည်။ ပအိုဝ်းစာပေသည် ကရင်စာပေထက်ပင် ရှေးဦးကျသည်ဟု ဆို၏။ ပအိုဝ်းစာပေသည် ဗြဟ္မီအက္ခရာပွားဖြစ်ပြီး ရှေးဟောင်းမြန်မာ အက္ခရာအသတ် ၊ အစပ်များနှင့် နီးစပ်သည်။ စာမူမှာ ၂ မျိုးကွဲလျက်ရှိသည်။ ၄င်းတို့မှာ ရှမ်းပြည်မူ(တောင်ကြီး) နှင့် အလံတစ်ရာမူ(သထုံကြီး) တို့ဖြစ်သည်။ စာအားဖြင့် ရေးသားခြင်းထက် လင်္ကာဖြင့် ရေးသားခြင်းကို ပို၍နှစ်သက်ကြသည်။
    ပအိုဝ်းတိုင်းရင်းသားတို့တွင် အက္ခရာအထူးအခြားမရှိပေ။ မြန်မာအက္ခရာကိုသာ ယူပြီး သုံးစွဲခဲ့၏။ အက္ခရာတီထွင်မှုမပြုဘဲ နှစ်ပေါင်းကြာရှည်စွာ သုံးစွဲခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်၏။ မြန်မာဗျည်းသရများကိုပင် သုံးစွဲသည်။ သရများကို ပအိုဝ်းအသံထွက်နှင့်ညီအောင် ပြန်လည်တီထွင်၍ သုံးစွဲကြသည်။ ထို့ပြင် ပအိုဝ်းစာပေသည် မြန်မာစာပေ ပင်မမှခွဲထွက်သော စာပေအခက်အလက်တစ်ခုဟု ဆိုနိုင်သည်။ သို့သော် သ ၊ စ ၊ ရ တို့သည် မြန်မာအသံထွက်နှင့် မတူပေ။ ပအိုဝ်းတိုင်းရင်းသားတို့က သ ကို စ ဟုလည်းကောင်း ၊ စ ကို ကျ ဟုလည်းကောင်း အသံထွက်လေသည်။ ထို့ကြောင့် မွန် အသံထွက်ပုံနှင့် တူလေသည်။ ရ ကို Ra သံဖြင့် ပြောကြရေးကြ၏။
    ပအိုဝ်းစာပေတွင် လောကုတ္တရာစာပေက ပို၍များ၏။ လူမှုရေးစာပေ နည်းလေသည်။ သို့သော် လောကီဆိုင်ရာ ကျမ်းများ ၊ ဗေဒင် ၊ နက္ခတ် ၊ စီးပွားရေး ၊ ပညာရေး စာပေများကိုလည်း ပအိုဝ်းစာပေတွင် တွေ့နိုင်ပေသည်။ လောကုတ္တရာနှင့် ပတ်သက်သော ကောင်းနိုးရာရာ ပါဠိစာများကို ဘုန်းတော်ကြီးများက ပအိုဝ်း ဘာသာသို့ ပြန်ဆိုရေးသားကြ၏။ ထို့ကြောင့် ပအိုဝ်းစာပေကို ဘုန်းတော်ကြီးများ ၊ ဦးပဉ္ဇင်းများ ၊ ရဟန်းလူထွက်များကသာ အများဆုံးရေးသား ပြုစုကြပေသည်။ ဘုန်းကြီးကျောင်းထွက် သာမန် အရပ်သားများ ၊ စာပေလိုက်စားသော အရပ်သားများလည်း ရေးသားပြုစုကြ၏။ ပအိုဝ်းစာဟောဆရာများ ၊ သာမန်အရပ်သားများသည် စာတိုလင်္ကာသွားဖြင့်သာ ရေးသားဖွဲ့ဆိုကြသည်။ ယခုအခါ ကျေးဇူးရှင် အလံတရာ ဆရာတော်ဘုရားသည် ပိဋိကတ်သုံးပုံကို ပအိုဝ်းဘာသာသို့ အားထုတ်ပြန်ဆိုနေသည်။
    တောင်တွင်းမြို့ ပထမတောင်ကျောင်းကြီးတွင် ရှမ်းပြည်မူ(တောင်ကြီး) စာကိုပုံနှိပ်သော ပအိုဝ်း စာပေပုံနှိပ်စက်ရှိ၏။ ထိုပုံနှိပ်စက်သည် ပအိုဝ်းစာပေသာမက မြန်မာ ၊ ရှမ်းဘာသာများဖြင့်လည်း ပုံနှိပ်ပေးလေသည်။ ရှေးကမူ ပအိုဝ်းစာကို ပေ ၊ ပုရပိုက်များပေါ်တွင် ရေးကြ၏။ နောင်တွင် ရှမ်းစက္ကူကို ခေါက်၍ နှစ်ဘက်စလုံးတွင် ရေးကြ၏။     ပအိုဝ်းစာပေကို ခေတ်သုံးခေတ် ပိုင်းခြားနိုင်သည်။ ပထမခေတ်မှာ သထုံပြည် မင်းဆက်များ ထွန်းကားချိန် ဖြစ်၏။ ဒုတိယခေတ်မှာ သထုံကလေးခေါ် ရှမ်းပြည်နယ် ဆီဆိုင်မြို့ကို ပြန်လည် အစပျိုးချိန်ဖြစ်၏။ တတိယခေတ်မှာ မျက်မှောက်ခေတ်ကာလပင် ဖြစ်၏။