Sunday, 2024-05-19, 8:52 AM | Welcome Guest | Registration | Login
Main » 2010 » May » 15 » အခြားဝတ်စားဆင်ယင်မှု
5:25 PM
အခြားဝတ်စားဆင်ယင်မှု
          အမျိုးသားများသည် ညှပ်ဖိနပ်စီးသူနည်း၍ ဘွတ်ဖိနပ် ၊ ရှူးဖိနပ်များကိုသာ စီးကြလေသည်။ ပင်လုံမြို့နယ် စန်းသန်းတောင်တွင် နေထိုင်ကြသော ပအိုဝ်းအမျိုးသမီးအချို့မှာ ဘွတ်ဖိနပ်ကို စီးတတ်ကြသည်။ အမျိုးသားရော အမျိုးသမီးပါ မိမိတို့ စီးနင်းသော ဖိနပ်များအောက်တွင် သံဘုလုံးငယ်လေးများကို ရိုက်ထားတတ်ကြသည်။ ဖိနပ်တွင် သံဘုလုံးငယ်များ ရိုက်ထားခြင်းဖြင့် ဖိနပ်အောက်ခံသည် အလွယ်တကူမကုန်နိုင်ပေ။ ထို့ပြင် ရွံ့နွံထူထပ်သော တောင်ပေါ်ဒေသတွင် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် အထူးကောင်းမွန်၏။ ချောမွတ်သော မြေပြင်တွင်လည်း သံချွန်များ ကုတ်တွယ်ထားသဖြင့် မချော်လဲနိုင်ပေ။
          ပအိုဝ်းတိုင်းရင်းသားတို့ စီးလေ့ရှိသော ခံဖာကရောက် ခေါ် သစ်သားခုံဖိနပ် တစ်မျိုးလည်း ရှိလေသည်။ ယင်းကို ချယ်ရီသားဖြင့် အများဆုံးပြုလုပ်လေ့ရှိ၏။ သစ်တုံးကို ထွင်းထုထားခြင်းဖြစ်ပြီး အမြင့်သုံးလက်မခန့် ရှိလေသည်။ ထိုခုံဖိနပ်သဲကြိုးကိုမူ မော်တော်ကားတာယ. တစ်မျိုးမျိုးကို သုံးကြ၏။ ဤဖိနပ်များအောက်တွင်လည်း သံဘုလုံးငယ်လေးများကို ရိုက်ထားတတ်ကြသည်။ ဤသစ်သားခုံဖိနပ်ကို မိုးရာသီတွင်သာ အသုံးများ၏။ မိုးရာသီ ဈေးနေ့များတွင် ယင်း ခံဖာကရောက် ခေါ် ခုံဖိနပ်ရောင်းသူများနှင့် ပြုပြင်သူများကိုပါ တွေ့ရတတ်လေသည်။ ဤ ခံဖာကရောက် ခေါ် သစ်သားခုံဖိနပ်မျိုးကို အမျိုးသားရော အမျိုးသမီးများပါ စီးနင်းကြလေသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် ဦးထုပ်များကို ဆောင်းလေ့ဆောင်းထ မရှိတတ်ကြပေး အမျိုးသားများသာ အချို့ဆောင်းကြ၏။ အများအားဖြင့် ၀ါးခမောက်ကိုသာ ဆောင်းကြလေသည်။ ၀ါးခမောက်မှာလည်း မိမိတို့ ကိုယ်တိုင်ပြုလုပ်တတ်ကြ၏။
          ပအိုဝ်း အမျိုးသားများသည် တောင်ယာသွားသော အခါတွင် လည်းကောင်း ၊ ဈေး ၊ ခရီးသွားသောအခါတွင် လည်းကောင်း တောင်းပြာ ခေါ် ပလိုင်းပြားကို စလွယ်သိုင်း၍ လွယ်ထားတတ်ကြသည်။ အမျိုးသမီးများကမူ ဖော့ ခေါ် ပလိုင်းအလုံးများကို ခေါင်းပေါ်တွင်ချိတ်၍ လည်းကောင်း ၊ စလွယ်သိုင်း၍ လည်းကောင်း လွယ်ကြသည်။ အမျိုးသား ၊ အမျိုးသမီး အသုံးပြုကြသော ပလိုင်းများသည်လည်း ကိုယ်တိုင်ရက်လုပ်ကြသည်။ အမျိုးသားများသာ ရက်လုပ်ကြ၏။
Category: အခြားဝတ်စားဆင်ယင်မှု | Views: 8862 | Added by: Tinygirl | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: