Sunday, 2024-05-19, 10:56 AM | Welcome Guest | Registration | Login
Main » 2010 » May » 15 » လက်မှုပညာနှင့် ဗိသုကာပညာ
6:09 PM
လက်မှုပညာနှင့် ဗိသုကာပညာ
         ပအိုဝ်းတိုင်းရင်းသားတို့သည် လက်မှုပညာ အနေဖြင့် နေ့စဉ်သုံးပစ္စည်းများကိုသာ ပြုလုပ်ကြသည်။ လယ်ယာခြံမြေသုံး ပစ္စည်းများကို ထုတ်လုပ်ခြင်း ၊ နွားလှည်း ပြုလုပ်ခြင်း ၊ အိမ်ဆောက်လုပ်ခြင်း ၊ အိမ်တွင်းသုံးဖြစ်သော တောင်း၊ ပလိုင်း ၊ ထရံများ ၊ မီးဖိုဆောင်သုံး မြေအိုး မြေခွက်များကို ဒေသရပ်ရွာအလိုက် ပြုလုပ်ကြသည်။ ဒေသသုံးအတွက်သာ အများအားဖြင့် ထုတ်လုပ်ကြ၏။ စီးပွားဖြစ် တင်ပို့ရောင်းချရန်အတွက် မလုပ်ကိုင်ကြပေ။
         ပအိုဝ်းတိုင်းရင်းသားတို့ လက်မှုပညာဖြစ်သည့် ပန်းထိမ်မှာလည်း အလွန်လက်ရာမြောက်လှသည်ကို တွေ့ရ၏။ ပန်းထိမ်ပညာကို ရှေးဘိုးဘေးစဉ်ဆက်ကပင် တတ်မြောက်ခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ပန်းတိမ်လက်ရာကို ဆံထိုး ၊ နားတောင်း ၊ လက်စွပ် ၊ လက်ကောက် စသော လက်ဝတ်ရတနာများကို ကြည့်ခြင်းအားဖြင့် အကဲခတ်နိုင်သည်။ ဆံထိုး ၊ လက်ကောက် ၊ လက်စွပ်များပေါ်တွင် ဖော်ထားသည့် ပန်းခက် ပန်းလက်များ ၊ ဘုန်းတော်ကြီးကျောင်း ၊ ဘုရားတန်ဆောင်းတို့တွင် ပြုလုပ်ထားသည့် ပန်းခက် ပန်းလက်များကို အံ့ဘနန်း တွေ့မြင်နိုင်ပေသည်။
          ပအိုဝ်းတိုင်းရင်းသား တို့သည် ဗိသုကာပညာလည်း တတ်မြောက်ကြောင်း ၊ တစ်ချိန်က ၄င်းတိုနေထိုင်ခဲ့သည်ဟု ယူဆသော သုဝဏ္ဏဘုမ္မိ သထုံမြို့ရိုးပျက်ကြီးက သက်သေခံနေပေသည်။ စေတီပုထိုးကိုလည်း တည်ဆောက်နိုင်ကြသည်။ ဆီဆိုင်မြို့ခေါ် သထုံလေးတွင် ခွန်မောင်သာနှင့် ခွန်နိုင် ညီအစ်ကိုနှစ်ဦး၏ သင်္ချိုင်းအုတ်ဂူသည်လည်း လက်ရာမြောက်လှသည်ကို ယနေ့တိုင် တွေ့နိုင်ပေသေးသည်။ ပအိုဝ်းတိုင်းရင်းသားတို့ အနုပညာမှန်သမျှ၏ နောက်ခံပုံရိပ်သည် သုဝဏ္ဏဘုမ္မိ သထုံပြည် ဖြစ်သည်ဟုဆိုက မှားမည်မထင်ပေ။  
          ရှေးအခါက မိမိတို့ဝတ်သော အ၀တ်အစားများကို ကိုယ်တိုင်လက်ဖြင့် ရက်လုပ်ကြသည်။ ကိုယ်တိုင်ဝါဖန်သည်။ ကိုယ်တိုင်ဗိုင်းငင်သည်။ ကိုယ်တိုင် ရက်သည်။ ကိုယ်တိုင် ဆေးဆိုးသည်။ ကိုယ်တိုင် လက်ဖြင့် ချုပ်သည်။ လွယ်အိတ် ၊အမျိုးသမီးများ ခေါင်းပေါ်တွင် ပေါင်းသည့်သဘက် စသည်များကိုလည်း လက်ဖြင့်ပင် ရက်လုပ်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် လက်မှုပညာတွင်လည်း ကျွမ်းကျင် တတ်မြောက်သည်ဟု ဆိုနိုင်ပေသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် ပန်းထိမ်လုပ်ငန်းကိုလည်း လုပ်ကိုင်ကြ၏။ သို့သော် နည်းလေသည်။ ရွှေထည်ရော ငွေထည်ပစ္စည်းများကိုပါ လုပ်ကိုင်ကြလေသည်။ ငွေထည်ပစ္စည်းများတွင် ငွေဖလား ၊ ငွေထုံးဘူး ၊ ဘာသာရေးဆိုင်ရာ ငွေထည်ပစ္စည်းများလောက်ကိုသာ ပြုလုပ်ခိုင်းကြ၏။ ငွေထည်ပစ္စည်းများကို ခြူးပန်းခြူးနွယ်မများ ၊ ကနုတ်ပန်း ၊ ယိုးဒယားပန်း များပါအောင် ပြုလုပ်နိုင်ကြသည်။
        ရွှေထည်များတွင် အမျိုးသမီးဆံထိုးများ ၊ လက်စွပ်များ ၊ ပေလာ ခေါ် နားတောင်းများ ၊ လက်ကောက်များ လောက်ကိုသာ ပြုလုပ်ကြ၏။ ပအိုဝ်း ပန်းထိမ်များသည် အများအားဖြင့် အမျိုးသမီးများ၏ အဆင်တန်ဆာဖြစ်သော ဆံထိုးများ ၊ နားတောင်းများ ၊ လက်စွပ်များလောက်ကိုသာ ပြုလုပ်ကြလေသည်။ အမျိုးသမီးဆံထိုးများ ပြုလုပ်ရာတွင် အထူးလက်ရာမြောက်လှ၏။ အခြား ပန်းထိမ်ဆရာများ ပြုလုပ်နိုင်စွမ်း မရှိကြပေ။ ဆံထိုးများပြုလုပ်ရာတွင် ကျွမ်းကျင်သူများပင် ဆံထိုးတစ်ခုကို ငါးရက်ခန့် ကြာ၏၊ ရွှေထည်များကို အများအားဖြင့် အနီရောင်တင်ထားကြသည်။
        လက်သမားအလုပ်ဖြင့် အသက်မွေးသူဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ အိမ်များ ၊ တဲများ ဆောက်တော့မည်ဆိုပါက မိသားစုစိတ်ဓါတ်ဖြင့် ၀ိုင်းဝန်းဆောက်လုပ်ကြသည်။               
Category: လက်မှုပညာနှင့် ဗိသုကာပညာ | Views: 9982 | Added by: Tinygirl | Rating: 0.0/0
Total comments: 0
Name *:
Email *:
Code *: